Thursday, January 24, 2008

အရှင်ဂမ္ဘီရ၏ကိုယ်ရေးရာဇ၀င်

သမိုင်းတွင်ရစ်မည့် ရွှေဝါရောင် တော်လှန်ရေးအတွင်း အရေးပါဆုံးသူ တဦးဖြစ်ပြီး စစ်အစိုးရ၏ အဓိကရန်သူ ဖြစ်လာခဲ့သည်အရှင် ဂမ္ဘီရ အကြောင်းကို ပြည့်ပြည့်စုံစုံရေးသားတင်ပြထားသည့် ၀ိမုတ္တိ ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါသည်။
(http://www.vimutti.blogspot.com/)

အရှင်ဂမ္ဘီရ

ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ

လူအမည်။ ။ ညီညီလွင်

ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ အဖ

ဦးမင်းလွင်၊ အမိဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊

ကိုင်းလယ်ကျေးရွာတွင်မွေးဖွားခဲ့သည်။


မိသားစုနောက်ခံပုံရိပ်တစေ့တစောင်း

ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး ၁၀နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။မဟုတ်မခံ

စိတ်ရှိပြီး အများအတွက် အနစ်နာခံလိုစိတ်များရှိ၍ ထိုစိတ်ဓါတ်ကြောင့်ပင် အထက်လူကြီးများနှင့်မတည့်

ဖြစ်ကာ တပ်မှထွက်ခဲ့ရသည်။ တပ်မှထွက်ပြီးနောက် ဒေါ်ရေးနှင့် အိမ်ထောင်ပြုကာ လက်ဖက်ခြောက်၊

ကျားရိုး၊ ကျားရေ၊ ကျောက်မျက်ရတနာကုန်သည်အဖြစ် အသက်မွေးခဲ့သည်။

မိခင်ဖြစ်သူဒေါ်ရေးမှာ ကျောင်းဆရာမ ဟောင်းတဦးဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ်၊သပွတ်စုကျေးရွာ၊

ကိုင်းလယ်ကျေးရွာတို့တွင် ၁၃ နှစ်ကြာတာဝန်ထမ်းခဲ့သည်။

သူမသည်လည်း ၀ါသနာကြောင့်သာလျှင် ကျောင်းဆရာမအလုပ်ကို ၁၃နှစ်ကြာတာဝန်ထမ်းဆောင်နိုင်ခြင်

ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မဆလလူကြီးများနှင့် အထက်ဖားအောက်ဖိကျောင်းအုပ်

ဆရာကြီး များ၏ ပညာပြမှုမှာသြချရလောက် သော ကြောင့်ဖြစ်ပေသည်။


မိသားစုနှင့်အတူအရှင်ဂမ္ဘီရ(ယာဘက်အစွန်)

သပွတ်စုကျေးရွာတွင် တာဝန်ထမ်းဆောင်စဉ်ကဆိုလျှင် အခြားဆရာမများကို ရွာတွင်ဝန်ထမ်းအိမ်ရာများ

ပေးခဲ့သော်လည်း ဒေါ်ရေးကိုမူ ပေါက်မြို့မှနေ့ချင်းပြန်ကျောင်းတက် စေခဲ့သည်။
ထိုအချိန်ကဒေါ်ရေးတွင်သားသမီးနှစ်ယောက် ရှိနေပြီဖြစ်ပြီး ဒုတိယသမီးမှာ ရက်ငါးဆယ်သာရှိသေးသည်။ မဆလကောင်စီလူကြီး ဦးမောင်မောင် ၏ တူမဖြစ်သူမှာ ဒေါ်ရေး၏နေရာတွင် တာဝန်ထမ်းဆောင်လိုသည်
ဆိုသောကြောင့် ဒေါ်ရေးမှာ ပေါက်မြို့နှင့် (၈) မိုင်ဝေးသောကိုင်းးလယ်ရွာသို့ ပြောင်းရွှေ့ခြင်းခံရသည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်မှာ ဆန်စက်၊ ဆီစက်များ စတင်တည်ထောင်ကာ စီးပွားရေးကို ကြိုးစား
ရှာ ဖွေခဲ့ရာ အတန်အသင့် စုမိဆောင်းမိဖြစ်လာခဲ့သည်။ ကလေးငယ် နှစ်ဦးတာဝန်၊ ဆီစက်၊ ဆန်စက်များ
တာဝန်၊ ထမင်းဟင်းလျာများချက်ခြင်းတာဝန်များကို တစ်ဦးတည်းယူခဲ့ရသည်။ မိခင်ဖြစ်သူဒေါ်ရေးကတော့ အလုပ်ထွက် ရန်ခေါင်းမာနေဆဲ၊ ကျောင်းအုပ်ဆရာကြီး၏ပညာပြမှုများကို နေ့စဉ်ခါးစည်းခံနေရမြဲဖြစ်သည်။
ဤသို့ဖြင့် ကိုင်းလယ်ရွာသို့ရောက်ပြီး ၁၁-နှစ်အကြာ အလုပ်မှထွက်ခဲ့ရသည်။ ဦးမင်းလွင် သည်လည်း
မဆလ လူကြီးများ၏စစ်မေးမှုများကို မကြာခဏခံခဲ့ရသည်။
အကြောင်းပြချက်မှာ “ဘာကြောင့် ဒီလောက်ချမ်းသာသ လဲ“ ဟူ၍ဖြစ်သည်။ မကြာခဏလည်း ဖမ်းဆီးရန် ထောင်ချောက်ဆင်ခြင်းခံရသည်။ မဆလလူကြီးမင်းများ မုန်းတီးရသည့်အကြောင်းအရင်းမှာ ဦးမင်းလွင်သည်
တနယ်သားဖြစ်ပြီး စီးပွားတက်လာခြင်းနှင့် သူ၏မဟုတ်မခံ စိတ်ရှိ ခြင်းကြောင့် သာဖြစ်ပေသည်။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် ၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၈၈ခုနှစ် အရေးအခင်းဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLD အဖွဲ့ဝင်ဖြစ်ပြီးတသီးပုဂ္ဂလ
အမတ်အဖြစ် ရပ်ရွာလူထု၏ ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်သည်။ ထိုအရေးအခင်းတွင် ဦးဂမ္ဘီရ၏ ဖခင်မှာ
နှိပ်စက်ခံပြည်သူလူထု၏ စိတ်ဓါတ်အုံကြွမှု၊ လက်စားချေလိုမှု၊ လက်တုံ့ပြန်လိုမှုများကို အကြမ်းမဖက်စေဘဲ
ငြိမ်း ချမ်းရေးအသွင်ဖြင့် ထိန်းသိမ်းခဲ့သောသူဖြစ်ပါသည်။
အကယ်ဆိုလျှင်၎င်းမဆလများအပေါ်လက်တုံ့ပြန်လျှင်ရနိုင်သော်လည်းရန်ကိုရန်ချင်းမတုံ့နှင်းခဲ့ပေ။ရှစ်လေးလုံး
ကာလအတွင်းက ဆီစက်တလုံးမှလွဲ၍ ရှိသမျှစည်းစိမ်ဥစ္စာများ အားလုံးကုန်ဆုံးသွားခဲ့သည်။ ပြည်သူလူထုအ တွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ အိမ်၌လည်း အငယ်ဆုံးကလေးမှလွဲလျှင် အားလုံးကျောင်းသားများဖြစ်ကြသည်။ အငယ်ဆုံးကလေးမှာ (၄) နှစ်အရွယ်ဖြစ်သည်။ အရေးအခင်းပြီးချိန်တွင် ဖခင်ဖြစ်သူနှင့် အကိုကြီးတို့မှာ ထောင် (၁နှစ်ခွဲ) နှင့်(၃) နှစ်စီကျခံခဲ့ရသည်။ မိခင်ဖြစ်သူမှာ ဖခင်နှင့်အကိုကြီးတို့၏ အမှုကိစ္စများကိုလိုက်လံဆောင်ရွက် နေရသောကြောင့် အိမ်မှုကိစ္စများကို မရှောင်မလွှဲသာပခုံးပြောင်းတာဝန်ထမ်းဆောင်ရန်လိုအပ်လာသဖြင့် ဒုတိ ယသမီးဖြစ်သူ မခင်သူဌေးမှာ(၁၀) တန်းနှင့်ကျောင်းထွက်လိုက်ရပြီး မောင်ညီမလေးများအားလုံး (၁၀)တန်း အောင်မြင်ပြီးမှ တဖန် (၁၀) တန်းပြန်ဖြေခဲ့ရသည်။ ဂုဏ်ထူး ၁ ခုနှင့်နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။

ငယ်စဉ်ဘဝ
၁၉၈၃ခုနှစ် ထိုကာလက ဦးဂမ္ဘီရမှာ အသက်လေးနှစ်ရှိပြီဖြစ်သည်။ မွေးချင်း (၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက်ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်း ကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကိုအထူးခံရသူဖြစ်သည်။

ကလေးစစ်သားဖြစ်ရသေး
၁၉၈၈ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေးကျဆင်းမှုများကိုခံစားရ ခြင်းနှင့်အတူ နိုင်ငံရေးစိတ်များလည်း အမြစ်တွယ်ခဲ့ဟန်ရှိပါသည်။
ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်း ကြောင့်လည်းကောင်း၊ အုပ်ထိန်းသူမိဘများ၏ အုပ်ချုပ်မှုကင်းလွတ်
သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့်ပေခဲ့၊ တေခဲ့သေးသည်။
မိသားစုအုပ်ချုပ်မှုပုံစံမှာလည်း ဖခင်မှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ခြင်းကြောင့် စည်းကမ်းတင်းကျပ်ကာစစ်တပ် ပုံစံအုပ်ချုပ်ခဲ့သည်။ လူငယ်ဘ၀တွင် ကြောက်ရွံ့ရသောပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက်ရှာကြစမြဲဖြစ်သည်
နှင့်အညီ မိဘ၏ တင်းကျပ်မှုအောက်တွင် အသက်ငယ်ငယ်နှင့် ပေတေလေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန်လူငယ်က ထွက်ပေါက်ရှာမှားသည့်အခါ နောက်ဆုံး ငရဲတွင်းရောက်ခဲ့ရသည်။ ဤသို့ဖြင့်
အသက်၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားဘ၀တွင် ကလေး စစ်သားဖြစ်ခဲ့ရသည်။

သာသာနာ့ဘောင်ရောက်ပြီ
အိမ်မှရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံစုံစမ်းခဲ့သည်။
ရန်ကုန်ရှိ စစ်ဌာနတစ်ခုတွင်ဟု စုံစမ်းသိရှိရသောအခါ လိုက်လံကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့လာရောက်စုံစမ်းခဲ့သည်။ သားဖြစ်သူကိုတွေ့သွားလျှင် အဖမ်းခံရမည်၊ အသက်
မပြည့်ဘဲ စစ်မှုထမ်းရမည်၊ ထောင်ဒဏ်ကျခံရမည်စိုးသောကြောင့် ပေါက်မြို့လေသာတောင်ကျောင်းတိုက်
ဆရာတော်ကို ဥပဇ္ဇယ်ပြုကာ သာမဏေအဖြစ် စတင်ရောက်ရှိခဲ့သည်။
ထို့နောက် ရန်ကုန်ရှိအင်းစိန်ရွာမကျောင်းတိုက်သို့ ပို့ဆောင် ပေးခဲ့ သည်။သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ စာဝါများလိုက်ခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ် တန်း၊ အကြီးတန်း၊ စာမေးပွဲများနှင့်နိကာယ်လေးကျမ်း
ကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီးဖြစ်သည်။


အရှင်ဂမ္ဘီရ(ယပ်တောင်နှင့်)
နေထိုင်ခဲ့သော ကျောင်းများကတော့ အစုံအနှံ့ပင်ဖြစ်သည်။ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊
သဒ္ဓမ္မ၀ံသ အလုံ ကျောင်းတိုက်၊ ပခုက္ကူအရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေးမစိုးရိမ်ကျောင်း
တိုက်တို့ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒကာ ဦးသိန်းဦးတို့ ဇနီး
မောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်းခံပေးခဲ့ခြင်း ဖြစ်ပါသည်။ စာဝါလိုက်နေစဉ်အတွင်း
ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေး အတွက် သာသနာပြုခဲ့ပါသည်။


အရှင်ဂမ္ဘီရနှင့်ရဟန်းဒကာမိသားစု

ပင်ကိုယ်စိတ်နေစိတ်ရင်း
မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကိုခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။ စာပေကိုမြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေးဆိုင်ရာစာအုပ် များ၊ အင်္ဂလိပ်စာနှင့်ဆိုင်သောစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ဆိုင်သောစာအုပ်များကို အမြဲဝယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက်တခုကို ထူထောင်၍ စာအုပ်များလှူဒါန်းခဲ့သည်။ ဇီဝိတဒါနသွေးလှူခြင်းအမှုကို လည်း နှစ်စဉ်နှစ်တိုင်းလိုပင် ပြုလုပ်မြဲဖြစ်သည်။

အရှင်ဂမ္ဘီရ(၀ဲဘက်မတ်တက်ရပ်လျှက်)

ရည်မှန်းချက်မှာ------
ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။စာချဘုန်းကြီး
အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်းတကျောင်း မှလည်းကျောင်းထိုင်ဘုန်းကြီး
အဖြစ် ပင့်ဖိတ်ခြင်းခံရသည်။ သို့သော်ဓမ္မာစရိယတန်းပြီးလျှင် သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်
ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာပြုတက္ကသိုလ်မှဘွဲ့ရပြီးလျှင်အိန္ဒိယနိုင်ငံတွင်ပညာသင်ကြားပြီး
လျှင် နိုင်ငံတကာသာသနာပြု ဓမ္မကထိကအဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။ အချိန် ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူ တာပညာတို့ကို လေ့လာလိုက်စားခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်းရေးသားခဲ့ သည်။
လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ဘာသာ ရေးနိမ့်ကျနေမှုများကို အထူးသိမြင်ကာ လျစ်လျူမရှုရက်တော့ဘဲ သံဃာထုအတွင်း စည်းရုံးမှုများကို စတင်ခဲ့ သည်။ ဒီပဲယင်းအရေးအခင်းကာလက နှစ်ကြီးထောင်ကျအကျဉ်းသားများကို သင်္ကန်းစည်းပေးကာ ဒေါ်အောင် ဆန်းစုကြည်နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှုအပေါ် အထူးစိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်ကြီးအား အသရေညှိုးနွမ်းအောင်ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာနာမည်ဖျက်မှု၊ စစ်အုပ်စုအာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှုတို့ကြောင့် မိမိ၏ ရည်ရွယ်ချက်များအပျက်ခံကာ စာဝါမလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာအရေးအခင်းကို ဦးဆောင်ပါဝင် လှုပ် ရှားခဲ့ရပါတော့သည်။
သူ၏ မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ်အားလုံးလိုလိုနှင့် ပေါင်းစည်းလက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီးမှာ အောင်မြင်စွာပေါ်ပေါက်လာခဲ့ရသည်။
သို့သော် အာဏာရှင်ဗိုလ်ချုပ်ကြီးများအနေဖြင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များအပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်းသတ်ဖြတ်ပစ်မည်ကိုတော့ သူ-လုံးဝမျှော်လင့်မထားမိခဲ့။ ဤမျှ ရိုင်းစိုင်းယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နောက် ပိုင်းတွင် ဖွင့်ဟမြွက်ကြားခဲ့သည်။
ဤအဖြစ်ဆိုးကြီးကို ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများခံစားရကာ ကျန်းမာရေးထိခိုက်လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေးချို့ငဲ့နေသည့်အကြားကပင် ရှောင်တိမ်းပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန် အဟုန်ကျမသွားရေး ဆက်လက်ထိန်းသိမ်းသယ်ပိုးနေခဲ့ရသည်။ မိတ်ဆွေအသိုင်းအ၀ိုင်းများမှ သူ လွတ်မြောက်ရေးအတွက် ပြည်ပသို့ထွက်ခွာသွားရန်တိုက်တွန်းပြောဆိုခဲ့သော်လည်း "တိုက်ပွဲ မအောင်မြင် မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင်ရဲဘော်များအကြား ထားရှိခဲ့သည့်ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့ သည်။

အဖမ်းခံရပြီ
ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုအောက်၌ အဖမ်းခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်းပုန်းအောင်နေထိုင်သည့် စဥ့်ကိုင်နယ်ထဲတွင် အဖမ်းခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်း ထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန်စံပယ်နေရသည်။

ထောင်ကျသော်လည်း
ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့်ရခဲ့သည်။ မိသားစု၏ စီးပွား ရေးအခြေအနေ ယိမ်းယိုင်နေခြင်းနှင့်အတူ ခရီးလည်းဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန်တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန်နေကြရသည်။ အရှင်ဂမ္ဘီရသည် ထောင်တွင်းအထီးကျန်မှုကို တရားတော်များမှတ်ရင်း နှင့်ပင် ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်းရှင်လူပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ် သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။

ဦးဂမ္ဘီရပြောနေကြစကားတခွန်းရှိပါသည်။

“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊ ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊ သာသနာပြုနိုင်ဖို့ဆိုတာက လည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့သေမှာ နှစ်မျိုးပဲရှိတယ်“



မြန်မာပြည်တွင်းအီးမေးများတွင်ဖြန့်ဝေနေသောစာများ

အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း

သျှီ ...သျှီ... ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် (သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။

ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား "ဒုတိယ လွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်"ဟု လက်ဝါးကာပြ တားမြစ်အံ့။

ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည် အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။

ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် - ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။

ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။

တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊ မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။

မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။

သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။

ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။

လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။

စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။

တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။

ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။

ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိုင်သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။

လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။

ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။